ကျနော့်နှင်းဆီမှာ...တောင်ပံတွေမပါဘူး
ကျနော်သူ့ကို တောင်ပံလေးတွေတပ်ပေးလိုက်တယ်
လှပ.လွတ်လပ်စွာပျံသန်းစေချင်လို့ပေါ့..။
ကျနော့်နှင်းဆီမှာ..မျက်လုံးတွေမပါဘူး..
ကျနော်သူ့ကို မျက်လုံးလေးများတပ်ပေးလိုက်တယ်
ရန်သူမိတ်ဆွေ ခွဲခြားမြင်စေချင်လို့ပေါ့..။
ကျနော့်နှင်းဆီမှာ...ဦးနှောက်မပါဘူး...
ကျနော်သူ့ကို ဦးနှောက်ထည့်ပေးလိုက်တယ်
ပြဿနာတွေကိုတည်တည်ငြိမ်ငြိမ်ဖြေရှင်းတတ်စေချင်လို့ပေါ့..။
ကျနော့်နှင်းဆီမှာ နှလုံးသားမပါဘူး..
ကျနော်သူ့ကို နှလုံးသားလေးဆင်ပေးလိုက်တယ်
သဘာဝ အလှတရားတွေကိုခံစားတတ်အောင်လို့ပေါ့..။
ကျနော့်နှင်းဆီမှာ လက်နှစ်ဖက်မပါဘူး
ကျနော်သူ့ကို လက်ကလေးတစ်စုံဖန်ဆင်းပေးလိုက်တယ်
အန္တရာယ်တွေကာကွယ်နိုင်အောင်လို့ပေါ့..။
ကျနော့်နှင်းဆီမှာ ခြေလေးတစ်စုံမပါဘူး..
ကျနော့်ဘ၀တစ်ခုလုံးနဲ့ရင်းနှီးပြီး
လှပတဲ့ခြေလေးတစ်စုံပေးဆက်သခဲ့တယ်
ကျနော်နဲ့ ဝေးရာကိုသူထွက်ပြေးသွားနိုင်အောင်လို့ပေါ့..။ ။
No comments:
Post a Comment