ပထမဆုံး ပြန်ဆုံခဲ့သည့် ဆရာမ

ပြင်ဦးလွင်မြို့ကို ရောက်သည်။ သည်မြို့က ကျွန်တော့်အတွက် မရောက်ဖူးသောဒေသမဟုတ်။ ကျွန်တော်က အထက်တန်းပညာကို ပြင်ဦးလွင်တွင် သင်ကြားခဲ့သူဖြစ်သည်။
သို့သော် ကျွန်တော့် အသိမိတ်ဆွေ၊ ဆွေမျိုးသားချင်းများရှိသော်လည်း ကိုယ်လုပ်ရမည့်လုပ်ငန်းနှင့် နီးသည့် ဈေးနှုန်းသင့်တင့်ပြီး သန့်သန့်ရှင်းရှင်းရှိသည့် တည်းခိုခန်းတစ်ခုတွင် တည်းသည်။ အသိမိတ်ဆွေနှင့် ဆွေမျိုးသားချင်းများထံ အားသည့်အခါမှ သွားလည်နှုတ်ဆက်ရန် စဉ်းစားထား သည်။
နံနက် အိပ်ယာထပြီးနောက် ကိုယ်လက်သန့်စင်သည်။ အ၀တ်အစားလဲနေစဉ် တယ်လီဖုန်းမြည်လာ သောကြောင့် ကောက်ကိုင်လိုက်သည်။
“ကျော်ကြီး”
မတွေ့ဖြစ်သည်မှာ အတော်ကြာပြီဖြစ်သော ငယ်သူငယ်ချင်းထံမှဖြစ်သည်။
“ဟာ…သူငယ်ချင်း၊ မတွေ့တာ တော်တော်ကြာပြီနော်”
“ဟုတ်တယ်ကွ….မနေ့က မင်းကို ဒီမှာ တွေ့လိုက်တယ်ဆိုလို့ ကျော်စိန်ကြီးက ပြောလို့ကွ”
“ဟုတ်တယ်….စနေနေ့ ညနေကရောက်နေတာ…”
“အခု ဘယ်မှာတည်းတာလဲ”
ကျွန်တော်က တည်းခိုသည့်နေရာကို ပြောလိုက်သည်။
“ဒါဆို အဲဒီမှာ ခဏစောင့်နေ…ငါလာခေါ်မယ်။ မနက်စာကျွေးမယ်”
“ဘာနဲ့လာခေါ်မှာလဲ၊ ဆိုင်ကယ်နဲ့လား”
“မဟုတ်ဘူး…ကားနဲ့”
“ဟာ….မင်းတောင် တော်တော်ကြီးပွားနေပါလား”
“အထင်မကြီးနဲ့ ကျော်ကြီးရေ…ငါအလုပ်လုပ်နေတဲ့ ဘော်ဒါက ကားပါကွာ”
“ကောင်းပြီလေ…ငါစောင့်နေမယ်”
“အေး…ငါ…အခုလာခဲ့မယ်”
သူငယ်ချင်းက တယ်လီဖုန်းချသွားသည်။ အ၀တ်အစားကို သေသေသပ်သပ်ဝတ်ဆင်ပြီး ဆရာတင်မိုး၏ မြန်မာကဗျာရှုခင်းကို ဖတ်နေလိုက်သည်။
xxxxx
အတန်ကြာသောအခါ သူငယ်ချင်းရောက်လာသည်။ ရှမ်း စားသောက်ဆိုင် တစ်ဆိုင်တွင်
နံနက်စာ စားကြရင်း ရှေးဟောင်းနှောင်းဖြစ်များကို ပြောဖြစ်သည်။
အတူတူကျောင်းတက်ခဲ့သည့် သူငယ်ချင်း များအနက် ဌာနဆိုင်ရာများတွင်
တာဝန်ထမ်းဆောင်နေကြသူများ၊ စည်ပင်သာယာရေးတွင် တာဝန်
ထမ်းဆောင်နေကြသူများနှင့် ဆရာ၊ဆရာမလုပ်နေကြသူများရှိကြောင်း သူကပြောသည်။
အချိန်ရလျှင် အချိန်းအချက်လုပ်ပြီး ပြန်လည်တွေ့ဆုံပွဲလေးဖြစ်အောင်
စီစဉ်ချင်ကြောင်းသူကပြောသည်။နောက် ပြောဖြစ်သည်က ကျောင်းနေစဉ်က စာသင်ပေးခဲ့သည့် ဆရာ၊ဆရာမများအကြောင်းဖြစ်သည်။ ယခုအခါ ပင်စင်ယူသူ၊ ကွယ်လွန်သူ၊ ပြင်ဦးလွင်မှ ပြောင်းရွှေ့သွားသည့် ဆရာ၊ဆရာမများ အကြောင်း ကြားသိရသည်။ အချိန်ရလျှင် ပင်စင်ခံစားနေသည့် ဆရာ၊ဆရာမများကို သွားရောက်ကန်တော့ လိုသည်။
ကျွန်တော့်သူငယ်ချင်းက သူအလုပ်လုပ်သော ဘော်ဒါကို အလည်လိုက်ခဲ့ရန် ဖိတ်ခေါ်သည်။ ကျွန်တော့်အနေဖြင့် ယနေ့နံနက်ပိုင်း အားနေသောကြောင့် သဘောတူလိုက်သည်။ နံနက်စာ စားသောက်ပြီး ကျွန်တော်တို့ ……ဘော်ဒါကို ကားဖြင့် ထွက်လာခဲ့သည်။ ဈေးလေးကို ဖြတ်ကျော်ပြီး နောက် ကျွန်တော်နေခဲ့သော အထက်တန်းကျောင်းကို ကားပေါ်မှ ကြည့်ဖြစ်သည်။ အဆောက်အဦများ တိုးချဲ့ဆောက်လုပ်ထားသည်ကို တွေ့ရသည်။ ကျွန်တော်တို့ ကျောင်းနေစဉ်က ကစားခဲ့သော ဘော်လီဘောကွင်းနေရာတွင် ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ထားသည် ကိုတွေ့လိုက်သည်။
……ဘော်ဒါကို ရောက်သောအခါ ရုံးခန်းသို့ ကျွန်တော့်ကို ခေါ်သွားပြီး ဘော်ဒါဆောင်ပိုင်ရှင်နှင့် သူငယ်ချင်းက မိတ်ဆက်ပေးသည်။ ကျွန်တော်က ဘော်ဒါအခြေအနေကို အကဲခတ်ကြည့်သည်။ သန့်ရှင်းသည်။ သပ်ရပ်သည်။ ကျယ်ဝန်းသည်။ စာသင်ဆောင်များတွင် စနစ်တကျစာသင်နေသည် ကို မြင်တွေ့ရသည်။ ကျောင်းသား၊ ကျောင်းသူများက တူညီ ၀တ်စုံများဝတ်ဆင်ထားပြီး အပေါ်က ကုတ်အင်္ကျီဆင်တူ ထပ်ဝတ်ထားကြသည်။
ရုံးခန်းထဲတွင် ချိတ်ဆွဲထားသော စာရင်းဇယားများ၊ အချိန်ဇယားများ၊ စာတန်းများကို လိုက်ဖတ်ဖြစ်သည်။ တစ်နေရာအရောက်တွင် ကျွန်တော့် မျက်စေ့က ဆရာ၊ဆရာမ စာရင်းကို ထပ်ခါထပ်ခါ ဖတ်ဖြစ်သည်။ ထိုစာရင်းတွင် ကျွန်တော့်ကို အင်္ဂလိပ်စာသင်ပေးခဲ့သော ဆရာမ၏ အမည်ကို တွေ့လိုက်ရသည်။ ဆရာမ၏အမည်က ထူးထူးခြားခြားဖြစ်သဖြင့် လူတူမဖြစ်နိုင်ဟု ယူဆမိ သည်။
ကျွန်တော့်သူငယ်ချင်းကို ပြောပြလိုက်သည်။ သူကလည်း ကျွန်တော်တို့ကို အင်္ဂလိပ်စာ သင်ကြားပေးခဲ့သော ဆရာမဖြစ်ကြောင်း ပြန်ပြောသည်။ ယခုအခါ ပင်စင်ယူပြီး ဘော်ဒါများတွင် လှည့်လည်ပြီး အင်္ဂလိပ်စာသင်ကြားပြသပေးနေကြောင်းပြောသည်။ မတွေ့ရသည်မှာ ကြာပြီဖြစ်သော ဆရာမကို တွေ့ချင် မြင်ချင်စိတ်ပေါ်ပေါက်မိသည်။ သူငယ်ချင်းက အချိန်ဇယားတစ်ခုသွားယူသည်။ ယခုအချိန်တွင် အတန်းမရှိသောကြောင့် မတွေ့နိုင်ကြောင်းပြောသည်။ ၁၁ နာရီတွင် အတန်းရှိသဖြင့် တွေ့နိုင်ကြောင်းပြောသည်။
ကျွန်တော်က ဆရာမရှိသည့်အချိန်တွင် တစ်ဖန်ပြန်လာပြီးတွေ့မည်။ လောလောဆယ် တည်းခိုခန်း တွင် ပြန်နေမည်ဟုပြောချိန်တွင် ဘော်ဒါပိုင်ရှင်က မပြန်ရန်နှင့် ဘော်ဒါအတွင်း လှည့်လည်ကြည့် ပြသပေးရန် ကျွန်တော့်သူငယ်ချင်းကို ထွက်ပြောသည်။ ကျွန်တော်က နဂိုကတည်းက စိတ်ဝင်စား နေသည်မို့ ၀မ်းသာသွားသည်။
သူငယ်ချင်းက ဦးဆောင်ပြီး ကျောင်းစာကြည့်တိုက်ကို အရင်ပြသည်။ စာအုပ်မျိုးစုံကို တွေ့ရသည်။ ကျွန်တော့်အကြိုက်စာအုပ်များကိုလည်း တွေ့ရသည်။ စနစ်တကျ ထားရှိသည်။ ပရိုဂျက်တာဖြင့် စာသင်နေသော အခန်းကိုလည်း ကြည့်ခဲ့ရသည်။ သိပ္ပံခန်းတွင် လက်တွေ့လေ့ကျင့်သင်ကြား ပေးနေသည်ကိုလည်း တွေ့ခဲ့ရသည်။
စာသင်ခန်းများတွင် ရှေ့မှ ဆရာတစ်ဦးက ဦးဆောင်သင်ကြားနေစဉ် အကူဆရာ/ဆရာမ (၂)ဦးက နောက်မှ အတန်းထိန်းပေးနေသည်ကို တွေ့ခဲ့ရသည်။ ခေတ်မီ စမ်းသပ်စက်များ တပ်ဆင်ထားသော ကျန်းမာရေးဆေးခန်းကိုလည်း တွေ့ခဲ့ရသည်။ ဆရာဝန်တစ်ဦးနှင့် သူနာပြုဆရာမ(၂)ဦးကို ငှားရမ်း ထားရှိကြောင်းသိရှိရသည်။
ဘာသာစကားသင်ကြားပေးသည့် Language Lab အခန်းတွင် ကျောင်းသူ၊ကျောင်းသားများကို အင်္ဂလိပ်စကားလေ့ကျင့်သင်ကြားပေးနေသည်ကို မြင်တွေ့ခဲ့ရသည်။ ကျွန်တော့်ကို ကွန်ပျူတာ သင်နေသောအခန်းကို လိုက်လံပြသသည့်အခါ ပိုမိုစိတ်ဝင်စားသွားသည်။ သင်ကြားပေးနေသည့် အကြောင်းအရာများကို လေ့လာသည်။ ကျောင်းသူကျောင်းသားများ စိတ်ပါဝင်စားစွာ လိုက်လံ သင်ယူနေသည်။ ကျွန်တော့်ကို သင်ကြားနေသည့် Text book စာအုပ်တစ်စုံကို လက်ဆောက်ပေး သောကြောင့် ယူလာခဲ့သည်။
နာရီကို ကြည့်လိုက်သည့်အခါ ၁၁ နာရီထိုးခါနီးလေပြီ။ သူငယ်ချင်းကို အချိန်ပြောလိုက်သည်။ သူက ကျွန်တော်တို့ ဆရာမကို ရုံးခန်းက သွားစောင့်ရအောင် ပြောသဖြင့် ရုံးခန်းဖက်သို့ ထွက်လာခဲ့ကြသည်။
xxxxx
ကျွန်တော်တို ရုံးခန်းထဲတွင် စကားစမြည်ပြောရင်း ရေနွေးကြမ်းသောက်ကြသည်။
၁၁ နာရီကျော်သည့်တိုင် ဆရာမရောက်မလာသဖြင့် သူငယ်ချင်းက အချိန်ဇယားကို
ပြန်ကြည့်သည်။ စာရေးမလေးကို လှမ်းမေးလိုက်သည်။ စာရေးမလေးက ဆရာမကို
မြင်လိုက်ကြောင်း၊ ရုံးခန်းကို မလာဘဲ စာသင်ခန်းဖက်သို့
တန်းသွားကြောင်းပြောသည်။သူငယ်ချင်းက ဆရာမစာသင်သောအခန်းကို လိုက်သွားကြမည်ဟုပြောသဖြင့် နှစ်ယောက်သား သွားကြသည်။ အတန်ကြာသွားမိသောအခါ တက္ကသိုလ်ဝင်ကျောင်းသူများကို အင်္ဂလိပ်စာသင်ပေး နေသောဆရာမကို တွေ့လိုက်ရသည်။ ကျွန်တော်က ခရီးသွားလျှင် ယူသွားလေ့ရှိသည့် Canonကင်မရာဖြင့် ဆရာမစာသင်နေသည်ကို ဓာတ်ပုံရိုက်ယူလိုက်သည်။ ထိုအခါ ဆရာမက ကျွန်တော်တို့ကို မြင်သွားပြီး စာသင်နေသည်ကို ရပ်လိုက်ပြီး ကျွန်တော်တို့အနားကို လာတွေ့သည်။
ကျွန်တော့်ကို မြင်သည့်အခါ ဆရာမက ချက်ချင်းမမှတ်မိ။ ကျွန်တော်က ဆရာမ၏ တပည့်ဖြစ် ကြောင်း ပြောပြလိုက်သည်။ ဆရာမက ၀မ်းသာသွားသည်။ ကျွန်တော့်ကို စကားပြောသည့်အခါတွင် မြန်မာလို တစ်လုံးမှ မပြောသဖြင့် ကျွန်တော်ကလည်း ဆရာမ ပြောသလိုပင် အင်္ဂလိပ်လို အပြန်အလှန်ပြောရတော့သည်။ ကျောင်းသူလေးများနှင့် သူငယ်ချင်းက ပါးစပ်အဟောင်းသားဖြင့် နားထောင်နေကြသည်။ ကျွန်တော်ကလည်း ဆရာမကို ကွန်ပျူတာပညာကို မလေးရှားတွင် သွားသင် ဖြစ်ကြောင်းပြောဖြစ်သည်။ ဆရာမက ၀မ်းသာမိကြောင်းနှင့် ကျွန်တော်ကျောင်းနေစဉ်အခါက အ၀တ် အစားကနွမ်းနွမ်း၊ ကျောင်းစိမ်းပုဆိုးက အဖာတစ်ရာ၊ ကျောင်းလွယ်အိပ်ကလေးက အစုတ်အနုတ်ဖြင့် ကျောင်းတက်ရသည်ကို တရေးရေးပြန်လည်မြင်ယောင်မိကြောင်းပြောပြသည်။ ပညာရေးတစ်ပိုင်း တစ်စဖြင့် အဆင်မပြေဖြစ်မည်ဟုပင်ထင်ခဲ့ကြောင်း ပြောသည်။
ကျွန်တော်က ဆရာမနှင့် အမှတ်တရ ဓာတ်ပုံရိုက်ရန် သူငယ်ချင်းကို ကင်မရာပေးလိုက်သည်။ သူငယ်ချင်းက ဓာတ်ပုံ ၄-၅ ပုံခန့် ရိုက်ပေးသည်။ ဓာတ်ပုံရိုက်ပြီးသည့်အခါတွင် ဆရာမက ကျောင်းသူများကို တစ်ချိန်က တပည့်တော်ခဲ့သူဖြစ်ကြောင်း မိတ်ဆက်ပေးပြီး အင်္ဂလိပ်စာကို Listening Skill, Speaking Skill, Reading Skill နှင့် Writing Skill လေးခုစလုံးကို ကျွမ်းကျွမ်းကျင်ကျင် ဆက်လက်လေ့လာသင်ယူကြရန် မှာကြားသည်။ ကျွန်တော်က စာသင်ခန်း ရှေ့ ထိုင်ခုံတွင် ဆရာမကို ထိုင်ခိုင်းပြီးနောက် စုံဆယ်ဖြာထိပ်မှာမိုးပြီး ရှိခိုးကန်တော့လိုက်ပါသည်။ ကျောင်းသူလေးများ၏ မျက်နှာတွင် မည်သည့် အရိပ်အယောင် ပေါ်နေမည်ကို မသိသော်လည်း ဆရာမ၏ မျက်နှာတွင် ပီတီဖြာဝေလျက်ရှိနေသည်ကို အထင်အရှားမြင်တွေ့လိုက်ရပါသည်။ ဆရာမ၏ မျက်နှာတွင် မျက်ရည်စတို့ စီးကျလာသည်ကိုတွေ့ရချိန်တွင် ကျွန်တော့်မျက်နှာတွင်လည်း မျက်ရည်ဖြာမိပါတော့သည်။
…..ဘော်ဒါ မှ အပြန် ကားပေါ်တွင် မန်လည်ဆရာတော်ဘုရား မဃဒေ၀လင်္ကာတွင် ရေးစပ်ခဲ့သော မြတ်ဆရာ ကဗျာကို နှုတ်မှတိုးတိုးလေး ရေရွတ်မိပါတော့သည်။
မြတ်ဆရာ
ရှေးရှုမေတ္တာ၊ ကရုဏာနှင့်
နာနာကျင်ကျင်၊ အပြင်မြင်တိုင်း
ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍
ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ
ဆရာဟူလော့။
No comments:
Post a Comment