Monday, 18 June 2012

လူကြီးလူကောင်းစိတ်

လူကြီးလူကောင်းစိတ်(လူထုစိန်ဝင်း)


လိုချင်တဲ့ စာအုပ်တစ်အုပ်ရှာရင်း ၄ တန်း ကျောင်းသားဘ၀ က သင်ခဲ့ရတဲ့ အင်္ဂလိပ် ဖတ်စာအုပ်လေးတစ်အုပ် တွေ့တာနဲ့ ထုတ်ယူလိုက်ပါတယ်..။ The Oxford English Course. Reading Book Four ဖြစ်ပါတယ်။ ပြုစုသူက ဒေါက်တာ Lawrence Fawcett ဖြစ်ပြီး ၁၉၄၈ ခုနှစ်က အင်္ဂလန်မှာ ရိုက်နှိပ်ထားတာပါ..။
ညကျတော့ စာအုပ်ကလေးကို လှန်လှော်ဖတ်ကြည့်ရင်း ၀ါတာလူးစစ်ပွဲမှာ နပိုလီယန်ကို အနိုင်တိုက် ခဲ့တဲ့ အင်္ဂလိပ်စစ်ဗိုလ်ချုပ်ကြီး တစ်ယောက်၊ လယ်သူရင်းငှားလေးတစ်ယောက်ကို အရှုံးပေးအညံ့ခံသွားရတ့ သင်ခန်းစာကို ဖတ်မိပါတယ်..။ အဲဒီက ဆက်နွယ်ပြီး ဒီစာကို ရေးဖြစ်ခဲ့ ပါတယ်...။
နယ်စားကြီး ၀ယ်လင်တန် (၁၇၆၉-၁၈၅၂)ဟာ ၀ါတာလူးစစ်ပွဲမှာ နပိုလီယန်ကို အနိုင်ယူချေမှုန်း နိုင်ခဲ့ပါတယ်..။ စစ်ပြီးသွားတော့ သူဟာ အပိုင်စားရာနယ်ကို ပြန်နေပြီး မိတ်ဆွေများနဲ့ တောထွက် လိုက်...စားလိုက်..သောက်လိုက် နဲ့ ပျော်ပျော်ပါးပါး နေထိုင်ခဲ့ပါတယ်...။
တစ်ခါတော့ ၀ယ်လင်တန်နဲ့အဖော်တစ်စု တောလည်ထွက်ရင်း လယ်တောကြီးတစ်ခုနား ချဉ်းကပ်လာ ပါတယ်...။ သူတို့လာတာမြင်တော့ လယ်ပိုင်ရှင်က သူရင်းငှားကလေးငယ် တစ်ယောက်ကို တံခါး ပိတ်ထားခိုင်းလိုက်ပါတယ်...။ဘယ်သူဖွင့်ခိုင်းဖွင့်ခိုင်း မဖွင့်ပေးနဲ့လို့လည်းမှာလိုက်ပါတယ်..။. . တောလည်သူတွေဟာ သားကောင်နောက်ကို မြင်းတွေ၊ ခွေးတွေ နဲ့ တရကြမ်း လိုက်ကြရင်း လယ်ယာစိုက်ခင်းတွေ ပျက်စီးစေပါတယ်...။ဒါကြောင့် လယ်ပိုင်ရှင်က ၀င်းတံခါးကိုပိတ်ခိုင်း တာ ဖြစ်တယ်...။
တောလည်အဖွဲ့သားတွေထဲက သနားကြင်နာတတ်ပုံရှိသူတစ်ဦး ရှေ့တိုးထွက်လာပါတယ်...။ အဲဒီနောက် ရွှေဒင်္ဂါးတစ်ပြားကို အိတ်ထဲက နှိုက်ထုတ်ပြီး သူရင်းငှားလေးဆီ ကမ်းပေးလိုက်တယ်..။ တံခါးဖွင့်ပေးဖို့လည်းပြောလိုက်ပါတယ်...။ ရွှေဒင်္ဂါးတစ်ပြားဆိုတာ သူရင်းငှားလေးရဲ့ တစ်လစာ လုပ်ခထက် အများကြီးများနေတာကိုသိပေမယ့် သူက တံခါးဖွင့်ပေးဖို့ငြင်းဆန်လိုက်ပြန်တယ်...။
အဲဒီအခါ နယ်စားဗိုလ်ချုပ်ကြီးကိုယ်တိုင် မြင်းကြီးနဲ့ရှေ့တိုးထွက်လာပြီး....
"ကျုပ်က နယ်စားကြီး ၀ယ်လင်တန်ပါကွဲ့..။ကျုပ်ပေးတဲ့ အမိန့်ကို မနာခံဘူးပြောတာ တစ်ခါမှ မကြုံဖူးသေးဘူး..။ အခုကျုပ် အမိန့်ပေးတယ်.. တံခါးဖွင့်ပြီး ကျုပ်တို့ကို ဖြတ်သန်းခွင့်ပေးပါ ..." လို့ ပြောလိုက်တယ်...။
သူရင်းငှားလေးက ကမ္ဘာတစ်ဝန်းလုံးမှာ ကျော်ကြားနေတဲ့ စစ်ဗိုလ်ချုပ်ကြီးရဲ့မျက်နှာကိုမော့်ကြည့်လိုက် တယ်...။ အဲဒီနောက် ဦးညွတ် အရိုအသေပေးလိုက်ပြီး...
" နယ်စားကြီး ၀ယ်လင်တန်ဟာ ကျွန်တော့်ကို အမိန့်မနာခံနဲ့လို့ ပြောလိမ့်မယ်မထင်ပါဘူး...။ ကျွန်တော့်ကို တံခါးပိတ်ထားဖို့ လယ်ပိုင်ရှင်က အမိန့်ပေးထားပါတယ်...။ ဒီအမိန့်ကို နာခံဖို့ ကျွန်တော် သန္နိဌာန်ချထားပါတယ်..."
သူရင်းငှားလေးရဲ့စကားကို ကြားတော့ နယ်စားကြီးဟာ အံ့အားသင့်သွားတယ်. .. ကျေလည်ကျေ နပ်သွားတယ်...။
" ဒီကလေးလို ခြောက်လို့လည်း မရ...ပိုက်ဆံပေးလို့လည်းမရတဲ့ စစ်သားမျိုးတွေနဲ့ စစ်တပ်ကြီး တစ်တပ်သာရှိရင် ကျုပ်ကမ္ဘာကြီးတစ်ခုလုံးကို စိုးမိုးနိုင်တယ်..."
နယ်စားဗိုလ်ချုပ်ကြီးဟာ ကျေနပ်ပီတိဖြစ်တဲ့ မျက်နှာနဲ့နောက်ကြောင်းပြန်လှည့်သွားတယ်..။ အဲဒီလို လှည့်သွားရင်းက......
"ဆရာ...ဆရာ...နပိုလီယန် မလုပ်နိုင်ခဲ့တာကို ကျွန်တော်လုပ်နိုင်ခဲ့ပြီ..။ နယ်စားဗိုလ်ချုပ်ကြီး ၀ယ်လင်တန်ကို ကျွန်တော်နောက်ပြန်ဆုတ်သွားအောင် လုပ်နိုင်ခဲ့ပြီ..."လို့ သူရင်းငှားလေးက သူ့ဆရာလယ်ပိုင်ရှင်ကို လှမ်းအော်ပြောလိုက်တာကို ကြားလိုက်ရပါတယ်...။ ဒီစာလေးဖတ်မိလိုက်တော့ လူကြီးလူကောင်းစိတ် (Gentlemanship)ဆိုတာ ဒါမျိုးပါလားလို့ ကြည်နူးစိတ်နဲ့ရေရွတ်လိုက်မိပါတယ်...။ ဒီကမ္ဘာမှာ ဒီစိတ်ဓါတ်မျိုးတွေ မမြင်မတွေ့ရ... ဆိတ်သုဉ်းနေကြပါပြီ...။ သတင်းစာတွေဖတ်...ရုပ်မြင်သံကြားတွေ ကြည့်လိုက်တိုင်း... လူသားအချင်းချင်း ကြီးနိုင်ငယ်ညှဉ်း ရက်ရက်စက်စက် သတ်ဖြတ်နေတာတွေ...၊အကျင့်ပျက်. . ခြစား နေတာတွေ...။အဏုမြူလက်နက်တိုက်ကြီးပေါ် ခွထိုင်ပြီး တစ်ကမ္ဘာလုံးကို သူ့သြဇာခံ ဖြစ်အောင် ခြိမ်းခြောက်မောင်းမဲနေတာတွေ ချည်းမြင်တွေ့နေရတယ်လေ...။ အဲဒါကြောင့် ရှားပါးနေပြီဖြစ်တဲ့ လူကြီးလူကောင်းစိတ် အကြောင်းဖတ်လိုက်ရတဲ့အခါ စိတ်ထဲမှာ ကြည်နူးသွားရတာပါ ...။
သူရင်းငှားလေးကလည်း လူသာငယ်တယ် ...သစ္စာနဲ့သတ္တိကတော့ မငယ်ဘူး...။ ဦးညွတ်ထိုက်ပါပေးတယ်...။
ဒီနေ့ခေတ်ဟာ ရုပ်ဝတ္ထု ပစ္စည်းတွေ တိုးတတ်ကြွယ်ဝသလောက်...စိတ်ဓါတ်ကြွယ်ဝမှု ခေါင်းပါးလာနေတာ နိုင်ငံတိုင်းလိုလိုမှာ မြင်တွေ့နေရပါတယ်...။ အကြမ်းဖတ်မှုနဲ့ ဒုစရိုက်မှုတွေ မကြားချင်အဆုံး...မမြင်ချင်အဆုံးပါပဲ... ။ ရှေးကကြားတောင်မကြားဖူးတဲ့ ကလေးသူငယ်လေးတွေကို ဖမ်းပြီးအတင်းအကျပ် ကလေးပြည့်တန်ဆာလုပ်ခိုင်းသတဲ့...။ ယဉ်ကျေးမှုအဆင့်မြင့်လှပါတယ် ဆိုတဲ့ လူဖြူတွေက ကလေးပြည့်တန်ဆာတွေရှိရာ နိုင်ငံကို အလည်လာကြတာ ၀င်လာမစဲ အဖွဲဖွဲပဲတဲ့...။
ရုပ်ဝတ္ထုပစ္စည်းတွေ ကြွယ်ဝလာလေလေ...စိတ်ဓါတ် ချွတ်ခြုံကျမှုကြီးမားလေလေဆိုတဲ့ သီအိုရီ ထုတ်သင့်ပြီလားလို့တောင် ထင်မိတယ်...။ ဒီဖြစ်စဉ်ကြီးကို မဟန့်တားနိုင်ခဲ့ရင် လူတွေဟာ တောတွင်းသားရဲတိရစ္ဆာန်ဘ၀ကို ပြန်ရောက်သွားစရာရှိပါတယ်...။ဒါတွေကို တားဆီးဖို့ အားကစားစိတ်ဓါတ်တို့.... လူကြီးလူကောင်းစိတ်ဓါတ်တို့ ...အရှက်တရား...အကြောက်တရား တို့...သစ္စာနဲ့သိက္ခာတို့...ဆိုတဲ့ စိတ်မျိုးတွေဟာ ဘယ်လိုပဲလို့ ညွှန်ပြတဲ့စာတွေ များများထွန်းကားအောင် လုပ်ပေးကြရပါမယ်...။ မူလတန်းအရွယ်ကလေးများ ဘ၀ကစပြီး ဒီစိတ်ဓါတ်တွေရဲ့ တန်ဖိုးကို ကလေးတွေသိနားလည်အောင် လုပ်ပေးရပါမယ်...။ လူငယ်တွေ အတွက်လည်း စစ်မှန်တဲ့ အာဇာနည်စိတ်ဆိုတာ ဘယ်လိုမျိုးလဲလို့သိအောင် လုပ်ပေးရပါမယ်...။
နယ်စားဗိုလ်ချုပ်ကြီး ၀ယ်လင်တန်ကို နပိုလီယန် အပေါ် အနိုင်ယူချေမှုန်းနိုင်ခဲ့တဲ့ စွမ်းရည်သတ္တိထက် သူရင်းငှားလေးရဲ့ ရှေ့က နောက်ပြန်လှည့်ခဲ့တဲ့ "စွမ်းရည်သတ္တိ" ကြောင့် ပိုလို့ လေးစားမိပါတယ်.။
By-
လူထုစိန်ဝင်း
ဆရာကြီးလူထုစိန်ဝင်း၏ ဆောင်းပါးများထဲမှ နှစ်သက်မိသည့်ဆောင်းပါးတစ်ခုကို
ကောက်နုတ် ကူးယူမျှဝေခြင်းဖြစ်ပါတယ်..
ဝါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်း (17-06-2012)နေ့ ည (၁၁)နာရီတွင် ရန်ကုန်မြို့ SSC ဆေးရုံ၌ နာတာရှည် အဆုတ်ရောဂါဖြင့် ကွယ်လွန်သွားကြောင်း ကြားသိရသဖြင့် ဆရာကြီးရဲ့ စာဖတ်ပရိတ်သတ်တစ်ဦးအနေဖြင့် များစွာဝမ်းနည်းကြေကွဲမိပါတယ်...။
သတင်းနှင့်စာနယ်ဇင်းလောကတစ်ခုလုံးအတွက် ဆုံးရှုံးမှုကြီးတစ်ခုပါ....။
ဆရာကြီး ကောင်းမွန်ရာဘုံဘ၀ကို ရောက်ရှိပါစေလို့ ဆုတောင်းပေးပါတယ်ရှင်...။
ချစ်ခင်လေးစားလျက်-
မခိုင်

No comments:

Post a Comment